မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်ဟောင်းများက အမှုဆောင်သစ်များထံသို့ လုပ်ငန်းဆိုင်ရာ အထွေထွေကိစ္စရပ်များ လွှဲပြောင်းပေးအပ်ပြီး အမှုဆောင်သစ် စတင်ဖွဲ့စည်းခြင်းကို ဧပြီလ၁၀ရက်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဥက္ကဋ္ဌဦးမြင့်သိန်းဖေက နှုတ်ဆက်စကားပြောကြားခဲ့ပြီး အတွင်းရေးမှူး မလိခစိုးထိုက်အောင်က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးပိုင်ဆိုင်မှုနှင့် ပတ်သက်သော စာရွက်စာတမ်းများအား အမှုဆောင်သစ်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် အမှုဆောင်သစ်ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဦးမြင့်သိန်းဖေက ဦးဇင်ဝိုင်းအား အစည်းအရုံးအမှတ် တံဆိပ်ရင်ထိုးကို လွှဲပြောင်းပေးအပ်ခဲ့သည်။
''ဒီအစည်းအရုံးကြီး ကောင်းကျိုးအတွက် ကျွန်တော်တို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်သွားမှာပါ။ အစည်းအရုံးအပေါ် မကောင်းသူကို ထုတ်ပယ်သွားမှာဖြစ်သလို ကျွန်တော်မကောင်းရင်လည်း ကျွန်တော်ကို ဝေဖန်ထောက်ပြနိုင်ပါတယ်'' ဟု ဥက္ကဋ္ဌသစ်ဦးဇင်ဝိုင်းက ပြောကြားသည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ပိုင်ဆိုင်မှုနှင့် ပတ်သက်သော စာရွက်စာတမ်းများ ပေးအပ်ရာတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မြေဂရန်မူရင်းနှင့် မိတ္တူများ အပါအ၀င် အစည်းအရုံး၏ ပိုင်ဆိုင်မှုစာရွက်စာ တမ်းများအားလုံးကို ပေးအပ်ခဲ့ကြောင်း သိရသည်။