ရန်ကုန်မြို့ လူစည်ကားရာနေရာများတွင် ရောင်းချနေသည့် သင်ဇာဝင့်ကျော်၏ သင်္ကြန်တွင်းပုံများ ရိုက်နှိပ်ထားသည့် ဆင်ဆာမဲ့ သင်္ကြန်ခွေများအား စတင်ဖမ်းဆီးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက၉-၅-၂၀၁၂ ရက်တွင် ပြောကြားသည်။ ''ဒီခွေတွေကို ဖမ်းဆီးဖို့အတွက် သက်ဆိုင်ရာရဲတွေကို မေတ္တာရပ်ခံထားပြီးလို့ ဖမ်းဆီးနေပါပြီ။ ဒီခွေက သင်္ကြန်ခွေလို့ပြောပေမယ့် အထဲမှာ ညစ်ညမ်းတာတွေပါ ထည့်ထားတယ်။ တော်တော်ကို ဆိုးရွားပါတယ်။ ဒီခွေတွေဖမ်းဆီးပြီးသွားရင် ဗီဒီယိုအက်ဥပဒေနဲ့ရော ပုံနှိပ်ဥပဒေနဲ့ပါ ထိထိရောက်ရောက် အရေးယူသွားမှာပါ'' ဟု ၎င်းကပြောကြားသည်။ ထိုသင်္ကြန်ခွေဟု ရောင်းချနေသော အခွေများမှာ လူစည်ကားရာနေရာများဖြစ်သည့် ရန်ကုန်မြို့ ပန်းဆိုးတန်း၊ လှည်းတန်း၊ မြေနီကုန်း၊ မြို့တော်ခန်းမဘေး မှတ်တိုင်များနှင့် ဦးဝိစာရလမ်း မီးပွိုင့်၊ ရွှေဂုံတိုင်မီးပွိုင့်အစရှိသည့် မီးပွိုင့်လမ်းလေးခွဆုံများတွင်လည်း ပေါ်ပေါ်ထင်ထင် ရောင်းချလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဗီဒီယိုအဖွဲ့ ထိုသင်္ကြန်ခွေများအပြင် ခိုးကူးခွေများကို ဧပြီလကုန်ပိုင်းမှစတင်၍ ဆက်တိုက်လိုက်လံ ဖမ်းဆီး လျက်ရှိကြောင်း သိရသည်။
ထိုသင်္ကြန်ခွေများ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်၍ ခေတ်လူငယ်မိန်းကလေးတစ်ဦးက သင်္ကြန်မှာ သင်ဇာဝင့်ကျော်က အရမ်းhotသွားတော့ စီးပွားရေးသမားတွေက လုပ်စားကြတဲ့သဘောလို့ ထင်တယ်။ ကာဗာမှာ သင်ဇာဝင့်ကျော်ပုံ တင်ထားပြီး အထဲမှာ ညစ်ညမ်းတွေပါတော့ မသိတဲ့လူကတော့ ဝယ်သွားမယ်။ ပြီးရင် ထပ်ဝယ်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် သင်ဇာဝင့်ကျော်ဆိုတော့ စိတ်ဝင်စားကြပြီး တစ်ယောက်တစ်ခွေနှုန်းနဲ့ ဝယ်ကြတော့ ဘာပဲဖြစ်ဖြစ် စီးပွားရေးသမားတွေကတော့ အဆင်ပြေသွားတာပေါ့ ဟု၎င်း၏အမြင်ကို ပြောကြားသည်။