စကြ၀ဠာကို စနစ်ကျနစွာအသေးစိတ် လေ့လာနိုင်တော့မည့် ကမ္ဘာ့အကြီးဆုံးနှင့် နည်းပညာအဆင့်အမြင့်ဆုံး ရေဒီယိုစခန်းကြီးကို သြစတြေးလျ၊ နယူးဇီလန်နှင့် တောင်အာဖရိကနိုင်ငံများမှာ ပူးပေါင်းတည်ဆောက်နေကြသည်။ ယင်း ရေဒီယိုစခန်းကြီးတွင် ပေ၅၀(၁၅မီတာ)ကျယ်သည့် အဆင့်မြင့်ရေဒီယိုစလောင်း ၃၀၀၀ကိုတပ်ဆင်သွားမည်ဖြစ်ပြီး၊ ၁၉၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော ယင်းစခန်းမှ အချက်အလက်ပေါင်း ၃၀၀မှ ၁၅၀၀ပီတာဘိုက်အထိ သိမ်းဆည်းထားနိုင်မည် ဖြစ်သောကြောင့် ကမ္ဘာ့ကွန်ပျူတာများ အားလုံးထက် များပြားသော အချက်အလက်များအား သိုလှောင်ထားနိုင်မည်ဖြစ်သည်။လုပ်ငန်းစွမ်းဆောင်ရည်မှာလည်း ကမ္ဘာတစ်ဝန်းလုံးရှိ ကွန်ပျူတာများအားလုံးထက် အဆသန်းပေါင်းများစွာ မြန်ဆန်နေသောကြောင့် နေ့စဉ်သတင်းများအား အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးရာမှာများစွာ အထောက်အကူပြုနိုင်တော့မည်ဖြစ်သည်။
ယင်းစလောင်းများမှာ သမားရိုးကျ အဝေးကြည့်မှန်ပြောင်းများထက် အာရုံခံနိုင်စွမ်းအား အဆငါးဆယ်သာသလို၊ ကောင်းကင်ဓာတ်ပုံများကို ဖမ်းယူကြည့်ရှုရာတွင်လည်း အဆတစ်သောင်းမက ပိုမိုမြန်ဆန်သည်။ ယင်းရေဒီယိုစခန်းမှ အထူးခြားဆုံး အကျိုးရလဒ်မှာ အလင်းနှစ်သန်း ငါးဆယ်ခန့်က စကြ၀ဠာမှာ ဘာဖြစ်ခဲ့သလဲဆိုသည်ကို လေ့လာနိုင်ရုံမျှမက၊ စကြ၀ဠာအစ ဘယ်ကဖြစ်လာသလဲ ဆိုသည်ကိုပါ ဆန်းစစ်နိုင်ခြင်းဖြစ်သည်။ ယင်းစခန်းတည်ဆောက်မှုအတွက် ဒေါ်လာသန်းနှစ်ထောင်မက ကုန်ကျမည်ဖြစ်ပြီး၊၂၀၂၄ခုနှစ်ရောက်မှသာ ယင်းစခန်းကိုအပြီးသတ် တည်ဆောက်နိုင်မည်ဖြစ်သည်။