ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်သော သမိုင်းအမွေအနှစ်များ တူးဖော်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်မည်
ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနဦးစီးဌာနက ကြီးမှူး၍ ဇွန်လနောက်ဆုံးပတ်တွင် ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်၍ သမိုင်းအမွေအနှစ်များ တူးဖော်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်အမျိုးသားပြတိုက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ၁၃-၆-၂၀၁၂ ရက်ကသိရသည်။ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ မြန်မာ့သမိုင်းတွင် ပျောက်ဆုံးနေသော ယဉ်ကျေးမှုအမွေအနှစ်အား ပြန်လည်ဖော်ထုတ်နိုင်ရန် ၊ သမိုင်းဆိုင်ရာ အချက်အလက်များ ပိုမိုရရှိစေရန်၊ ခေါင်းလောင်းကြီး ပြန်လည်ဆယ်ယူနိုင်ရန် ခေတ်မီနည်းပညာများ၏ အကူအညီဖြင့် ဆယ်ယူနိုင်မည့် ပေါင်းစပ်ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ဓမ္မစေတီမင်းကြီးသည် ၁၄၇၆ ခုနှစ်အောက်တိုဘာ ၂ ရက်တွင် ရွှေတိဂုံစေတီတော်၌ အဆိုပါဓမ္မစေတီ ခေါင်းလောင်းကြီးကို တင်လှူပူဇော်ခဲ့ရာ ညောင်ရမ်းခေတ် ဒုတိယမင်းဆက်ဖြစ်သော အနောက်ဘက်လွန်မင်း လက်ထက်တွင် ပေါ်တူဂီလူမျိုး ငဇင်ကာခေါ် ဖိလစ်ဒီပရက်တိုသည် ယင်းခေါင်းလောင်းကြီးအား အမြောက်သွန်းလုပ်ရန် ၁၆၁၂ ခုနှစ်အောက်တိုဘာ ၂၈ရက်တွင် ဖောင်ဖြင့်သန်လျင်သို့ သယ်ဆောင်ရာ ပုဇွန်တောင် ချောင်းဝအရောက် ဒေါပုံမြစ်အကူးတွင် ရေထဲ၌နစ်မြုပ်ခဲ့ရကြောင်း သိရသည်။ ခေါင်းလောင်းကြီးအား ၁၉၈၇ ခုနှစ်အတွင်း လေးကြိမ်တိုင်တိုင် ဆယ်ယူရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အတွက် မြန်မာတို့၏အဖိုးအနဂ္ဃ သမိုင်းအမွေ ခေါင်းလောင်းကြီးကို ပြန်လည်ဆယ်ယူရန် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲက အထောက်အကူဖြစ်စေမည် ဟုသိရသည်။
|
|
|
|
|
|
|
|
|
|
SweSone Media Group
